ဆေးကိုချိုးပြီးသောက်ရင် ဘာဖြစ်နိုင်လဲ
💊 တစ်ချို့သူတွေ ဆေးသောက်တဲ့အခါ ဆေးလုံးကို မမျိုနိုင်တာ၊ ဆေးသောက်ရတာအခက်အခဲရှိတာစတဲ့ ပြဿနာတွေကြောင့် ဆေးကို ချိုးပြီး ၊ တစ်ဝက်ခြမ်းပြီး သောက်ကြတာလဲရှိပါတယ်။ တစ်ချို့ကလဲ ဆေးကို အလုံးလိုက်မဟုတ်ပဲ ချိုးပြီး သောက်မှ၊ ဝါးစားမှပဲ အာနိသင်ရှိတယ်လို့ ယူဆကြတာလဲရှိပါတယ်။ ဒီတော့… အလုံးလိုက်မဟုတ်ပဲ ခွဲခြမ်းပြီး သောက်တဲ့အခါ ဘာဖြစ်နိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
💁♀️ ပုံမှန်အားဖြင့် ဆေးသောက်လိုက်ပြီးနောက် ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နိုင်မလဲ? ဆေးကို အလုံးလိုက် ရေနဲ့အတူ မျိုချလိုက်တဲ့အခါ ဆေးက အစာအိမ်ထဲကို ရောက်သွားပါမယ်။ အစာအိမ်ထဲမှာရှိတဲ့ အရည်တွေကြောင့် ဆေးက အရည်ပျော်သွားပြီး စတင်ကွဲလာပါတယ်…. ဒီလိုနဲ့ အချိန်တစ်ခုရောက်တဲ့အခါမှာ ဆေးက သွေးထဲကို စိမ့်ဝင်သွားပြီး သူ့ကို လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောက်သွားပြီး အာနိသင်ကို စပေးပါတယ်။ တကယ်လို့ ဆေးကို အလုံးလိုက်သောက်ရမယ့်အချိန်မှာ ဝါးစားတာ၊ တစ်ခြမ်းချိုးတာတွေလုပ်တဲ့အခါ ခန္ဓာကိုယ်တွင်း ဆေးရဲ့ ချေဖျက်မှုအပေါ် အကျိုးသက်ရောက်နိုင်ပြီး ဆေးရဲ့ အာနိသင်ကိုလဲ ထိခိုက်နိုင်ပါတယ်။
(၁) ဆေးအာနိသင် များသွားတာ
တစ်ချို့သော ဆေးတွေက အစာအိမ်ထဲမှာ တဖြေးဖြေးချင်း ဆေးကို စိမ့်ထွက်စေပြီး ဖြေးဖြေးချင်း အာနိသင်ရအောင် ဖန်တီးထားတာပါ။ တကယ်လို့ ဆေးကို ချိုးပြီးသောက်မယ် ကျေအောင် ဝါးစားမယ်ဆိုရင် ဆေးရဲ့ ပမာဏများများကို တစ်ကြိမ်ထဲရစေလို့ ဆေးလွန်တာ၊ overdose ဖြစ်တာတွေလဲ ဖြစ်နိုင်ပါတယ်။
(၂) ဆေးရဲ့ ပုံစံအနေအထားပျက်စီးတာ
ဒါ့အပြင် တစ်ချို့ဆေးတွေက အစာအိမ်ထဲမှာရှိတဲ့ အက်စစ်တွေကြောင့် ပျက်စီးနိုင်ပါတယ်။ ဒီလိုဆေးတွေကို Enteric coated လို့ခေါ်တဲ့ အပေါ် coating တစ်ထပ်နဲ့ အုပ်ထားပါတယ်။ ဒီ coating ကြောင့် ဆေးက အစာအိမ်ထဲမှာ ဆေးကို မထွက်စေပဲ အူလမ်းကြောင်းထဲရောက်မှပဲ ဆေးကို ဖြေးဖြေးချင်းထွက်စေပါတယ်။ တကယ်လို့ ဆေးကို ဝါးစားတာ ၊ ခြမ်းပြီးသောက်တာမျိုးလုပ်လိုက်မယ်ဆိုရင် ဆေးရဲ့အပေါ်ယံ တစ်ထပ်ကို ပျက်စီးစေလို့ ဆေးအာနိသင်အလုံအလောက်မရတာ ဖြစ်နိုင်ပါတယ်။
(၃) ဆေးရဲ့ အရသာဆိုးရွားတာ
တစ်ချို့ဆေးတွေက အရသာအလွန်ဆိုးတာ၊ အနံ့ဆိုးတာတွေကြောင့် အပြင်ကနေ coating တစ်ထပ်နဲ့ ကာရံထားတာလဲ ရှိတတ်ပါတယ်။ ဒီလိုဆေးမျိုးကို ဝါးစားမိရင်လဲ ဆေးသောက်ရတာ အဆင်မပြေတာ ဖြစ်နိုင်ပါတယ်။
👉🏻 ဒါဆိုရင်… ဆေးတွေအကုန်လုံး ချိုးသောက်လို့ မဖြစ်နိုင်တာလား??? မဟုတ်ပါဘူး…. တစ်ချို့သော ဆေးတွေက မဖြစ်မနေ ချိုးပြီး သောက်ရတာ၊ ဝါးစားဖို့ လိုအပ်တဲ့ ဆေးတွေလဲ ရှိပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် ထုတ်ထားတဲ့ အားဆေးတွေနဲ့ တစ်ချို့သော ဗီတာမင်ဆေးတွေကတော့ ဝါးစားရတာလဲ ရှိပါတယ်။ တစ်ချို့ဆေးတွေမှာလဲ အလယ်မှာ ချိုးလို့ရတဲ့ break line လေးပါဝင်ပြီး ချိုးသောက်လို့ရတာတွေလဲ ရှိပါတယ်။
👩⚕️ တစ်ခါတစ်လေ ဆေးရဲ့ label မှာ ဆေးကို ချိုးသောက်ခြင်း၊ ဝါးစားခြင်းများမလုပ်ရပါလို့ ရေးထားတာ ရှိပါတယ်။ တစ်ချို့ဆေးတွေမှာတော့ tablet ကို ဆေးလုံးကို သေချာ ဝါးစားပါရန်လို့ ညွှန်ကြားထားတာလဲ ရှိပါတယ်။ ဒါ့ကြောင့် ဆေးကို နည်းစနစ်ကျ မှန်မှန်ကန်ကန် သောက်ဖို့ဆိုရင် ဆေးရဲ့ အချက်အလက်တွေကို သေသေချာချာ ဖတ်ဖို့ အရေးကြီးပါတယ်။
👩⚕️ တကယ်လို့ သင့်အနေနဲ့ ဆေးလုံးတွေကို မျိုချရတာ အခက်အခဲရှိနေမယ်… ဝါးစားမှပဲ အဆင်ပြေမယ်… ဆေးကို ချိုးပြီး သောက်ချင်တယ်ဆိုရင်… ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို သေချာမေးမြန်းပြီး ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် တခြားဆေးတစ်ခုကို ပြောင်းပေးဖို့… အကြံဉာဏ်တောင်းဖို့ လိုအပ်ပါတယ်နော်….. ဒါ့ကြောင့်…. အရေးကြီးဆုံးက… ဆေးမသောက်ခင်… ဆေးညွှန်းကို သေသေချာချာဖတ်ပါ…. တတ်ကျွမ်းနားလည်တဲ့သူနဲ့ တိုင်ပင်ပါလို့ မျှဝေလိုက်ရပါတယ်နော်….
ယုဝါ (ဆေးဝါးကျွမ်းကျင်)